Samsung Galaxy Note 7 ရဲ့  Battery ပြဿ နာကြောင့် ရောင်းချမှုကို ရပ်တန့်ပြီး ဝယ်ယူထားသူ များအား အစားထိုးလုံးလဲလှယ်ပေးခြင်း (သို့မဟုတ်) ငွေပြန်အမ်းခြင်းများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ(၅)ရက်နေ့က Samsung Mobile Myanmar က တရားဝင် ကြေညာလိုက်ပါတယ် ။
“ အခုအသစ်ထွက်ထားတဲ့ Galaxy Note 7 နဲ့ပတ်သက်ပြီး လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ စုံစမ်းကြည့်ရှုစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာ ဘက်ထရီဆဲလ်နဲ့ ပတ်သက်တဲ့ ပြဿ နာကိုတွေ့ရှိခဲ့သည့်အတွက် Galaxy Note7 ရောင်းချမှုအား ရပ်တန့်လိုက်သဖြင့် လာမည့်စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံမှာ စတင်ရောင်းချမည့် အစီအစဉ်ကိုလည်း ၀မ်းနည်းစွာဖြင့်နောက်ဆုတ်လိုက်ရပါတယ်။ စက်တင်ဘာလ (၁) ရက်နေ့ကနေ ယနေ့အထိ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေ ပေးပို့လာတဲ့ အကြောင်းအရာစုစုပေါင်း (၃၅) ခုကို သိရှိလက်ခံရရှိခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဈေးကွက်ထဲမှာလက်ရှိ ပြဿ နာရှိနိုင်ချေရှိတဲ့ ဘက်ထရီတွေကို စစ်ဆေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့အတူတကွ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ Samsung အတွက်တော့ သုံးစွဲသူတွေရဲ့ လုံခြုံရေးဟာ အဓိကဦးစားပေး အရေးပါတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ Galaxy Note 7 ရောင်းချမှုကို ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။” ဆိုပြီးကြေညာထားတာဖြစ်ပါတယ် ။
ပြန်လည် အစားထိုးလဲလှယ်ပေးသည့်အစီအစဉ်ကို လာမယ့် အောက်တိုဘာလ မှာ စတင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကို တော့ Note 7 ဖုန်းအသစ်တွေ မြန်မာပြည်ရောက်တာနဲ့ တစ်ပြိုင်နက် ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ် ။
သုံးစွဲသူများအနေနဲ့ အောက်တိုဘာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ငွေပြန်အမ်းခြင်း ရယူလိုပါက Galaxy Note 7 အား မကြာသေးမီက ထုတ်ယူခဲ့တဲ့ “Pre-Order ထုတ်ယူခဲ့သည့်ဆိုင် ” သို့ မူလ ဖုန်းဘူးအပြည့်အစုံ (လက်ဆောင် အားသွင်းကြိုး+ဖုန်းကာဗာ၊ box နှင့် ဆက်စပ်ပစ္စည်းများ)၊ ဝယ်ယူပေးချေထားတဲ့ ဘောင်ချာမူရင်းနဲ့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ကို ယူဆောင်ပြီး စက်တင်ဘာလ (၇) ရက်နေ့ မှ (၁၈) ရက်နေ့ ၊ (၂၀၁၆) အတွင်း သွားရောက်ရယူရမှာဖြစ်ပြီးထိုနေ့ထက်ကျော်သွားပါက အသစ်လဲလှယ်ပေးခြင်းကိုသာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် ။ အထက်ပါ ငွေပြန်အမ်းခြင်း အစီအစဉ်ဟာ ကမ္ဘောဇဘဏ်ကတစ်ဆင့် ကြိုတင်မှာယူစနစ်နဲ့ ဝယ်ယူခဲ့တဲ့ တရားဝင်ရောင်းချခဲ့သောဖုန်းတွေ အတွက်သာ အကျုံးဝင်တယ်လို့ ဆိုပါတယ် ။
အောက်တိုဘာလအထိ စောင့်ဆိုင်းကာ အစားထိုးလဲလှယ်ပေးသော ဖုန်းအသစ်များကို လက်ခံမမယ့် Samsung ပရိတ်သတ်တွေ အနေနဲ့တော့ လက်ဆောင်အိတ်ကို ပြန်လည်ပေးအပ်စရာမလိုဘဲ ဖုန်းနဲ့ box အတွင်းပါဆက်စပ်ပစ္စည်းများ၊ ဝယ်ယူပေးချေထားသော ဘောင်ချာမူရင်းနဲ့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ကိုယူဆောင်ပြီး အထက်ဖော်ပြပါ သတ်မှတ်ထားသော ရက်များအတွင်း သက်ဆိုင်ရာ အရောင်းဆိုင်များသို့ သွားရောက်ပေးအပ်နိုင်တယ်လို့ရပါတယ်။
Ref: Samsung Mobile Myanmar
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။