မြောက်ကိုရီးယားတွင် လူငယ်ညီလာခံ တစ်ရပ်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ရာ လူငယ် ၁၅၀၀၀၀ ကျော်က ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကို စုရုံးချီတက် အလေးပြုခဲ့ကြောင်း သိရသည်။
ရွန်ရာဒို မေ ၁ အားကစားကွင်းကြီးတွင် ဩဂုတ် ၂၈ ရက် ညပိုင်းက ကျင်းပသော အခမ်းအနားသည် နိုင်ငံ၏ အကြီးဆုံး လူငယ် အဖွဲ့အစည်းဖြစ်သည့် ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်၏ ညီလာခံကို ဂုဏ်ပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားမျိုးကို ၂၃ နှစ်ကျော်မျှ ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခြင်းလည်း ဖြစ်သည်။
ပြုံယမ်းမြို့တော်ရှိ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် အားကစားကွင်းကြီးတွင် ကင်မ်ကို ဆယ်ကျော်သက် အများအပြား အပါအဝင် လူငယ် ၁၅၀၀၀၀ နီးပါးက ချီတက် အလေးပြုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ကင်မ်အီလ်ဆန်း လက်ထက်က စတင်ဖွဲ့စည်းခဲ့သည့် ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်သည် မြောက်ကိုရီးယား၏ လူမှုရေး ကဏ္ဍတွင် အရေးပါသည့် အသင်းတစ်ခုလည်း ဖြစ်သည်။
အသက် ၁၄ နှစ်မှ ၃၀ ကြား လူငယ် အများအပြားသည် အဆိုပါ အဖွဲ့အစည်းတွင် ချိတ်ဆက် ပါဝင်ကြပြီး ပညာသင်ကြားမှုမှစ၍ ကြီးမားသော ဆောက်လုပ်ရေး ပရောဂျက်များထိ နယ်ပယ် လုပ်ငန်းစုံတွင် ပါဝင် လုပ်အားပေးလေ့ ရှိကြောင်းလည်း သိရသည်။ မြောက်ကိုရီးယားက ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်တွင် အဖွဲ့ဝင် ၅ သန်းမျှ ရှိနေကြောင်း ကြေညာထားသည်။
ဩဂုတ် ၂၈ ရက် ညပိုင်းက အခမ်းအနားတွင် လူပေါင်း ၁၅၀၀၀၀ ဆံ့သော အားကစားရုံကြီး ပြည့်လုနီးပါးထိ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသည် တစ်နာရီမျှသာ ကြာမြင့်ပြီး လူငယ်များက ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များကိုလည်း အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။ ထို့နောက်တွင်မူ အလွန်လှပသည့် မီးရှူးမီးပန်းများကိုပါ ပစ်ဖောက်ခဲ့သည်။
ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်သည် ၎င်းတို့၏ နဝမမြောက် ညီလာခံကို ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သော်လည်း ညီလာခံနှင့် ပတ်သက်သော အသေးစိတ် သတင်းများကို မြောက်ကိုရီးယားက မီဒီယာများက မထုတ်ပြန်ခဲ့ချေ။ အဆိုပါ ညီလာခံသို့ နိုင်ငံရပ်ခြား သတင်းထောက်များကိုလည်း တက်ရောက်ခွင့် မပြုခဲ့ဟု သိရသည်။ အဖွဲ့ချုပ်၏ အဋ္ဌမမြောက် ညီလာခံကို ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် ကျင်းပခဲ့ဖူးသည်။
Ref: AP
Home
သတင်းများ
မြောက်ကိုရီးယား လူငယ်ညီလာခံ တစ်ခုတွင် ကင်မ်ဂျုံအန်းကို လူငယ် ၁၅၀၀၀၀ ကျော် စုရုံးအလေးပြု
မြောက်ကိုရီးယား လူငယ်ညီလာခံ တစ်ခုတွင် ကင်မ်ဂျုံအန်းကို လူငယ် ၁၅၀၀၀၀ ကျော် စုရုံးအလေးပြု

No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။