သင့်မျက်နှာပေါ်က အပြုံးတွေက သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတာကို သိပါသလား?
ဟုတ်ပါတယ်။ လေ့လာဆန်းစစ်မှုတစ်ခုအရ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ စိတ်လှုပ်ရှားတက်ကြွခြင်းနဲ့ စိတ်အားထက်သန်ခြင်းတို့လို အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုရှိသူတွေက လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အအိပ်အစားမှန်ဖို့နဲ့ ဆေးလိပ်အရက်ရှောင်ဖို့ကို ပိုပြီးဂရုစိုက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုမှာ နှလုံးရောဂါအခံရှိသူ(၁၀၀၀)ကျော်ကို အချိန်(၅)နှစ်တာ စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။
လေ့လာဆန်းစစ်ရာမှာ ပါဝင်ခဲ့သူတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံရှိကြပေမယ့်လည်း အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်တဲ့ စိတ်နေသဘောထားကြောင့် ကျန်းမာရေးနဲ့ညီညွတ်အောင် ကြိုးစားနေထိုင်တတ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းမြင်စိတ်နဲ့ ပျော်ပျော်နေတတ်သူတွေက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ သုံးချိုးတစ်ချိုးလျော့နည်းသွားတယ်လို့လည်း သိရပါတယ်။
အပြုသဘောဆောင်တဲ့ စိတ်ထားရှိသူတွေက ဘာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြုအမူတွေကို လုပ်ဆောင်တတ်တာလဲဆိုတဲ့ အကြောင်းရင်းကို သုတေသီတွေက အတိအကျမသိကြသေးပါဘူး။ ဒါပေမယ့် အယူအဆအနည်းငယ်တော့ ရှိပါတယ်။ ပျော်ပျော်နေတတ်သူတွေက ကျန်းမာလိုက်စားတတ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်တွေ ချမှတ်တတ်တာကြောင့်ပဲဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေပေါ်ကို အများကြီးသက်ရောက်မှုရှိနေသလိုပါပဲ။ အကောင်းမြင်စိတ်နဲ့ ပျော်ပျော်နေတတ်တာကလည်း ကျန်းမာရေးကောင်းဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့ကြောင့် ပျော်ပျော်နေတတ်ဖို့က အရေးကြီးတယ်ဆိုတဲ့ အကြောင်း အကြံပြုလိုက်ပါတယ်။
Credit:Gentleman Magazine
ဘ၀မှာ ပျော်ပျော်နေတတ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။