အခုခေတ်ကတော့ ကောင်မလေးတွေကို အပင်ပန်းခံ လိုက်ပြောစရာ မလိုတဲ့ခေတ်ပါ။ ကိုယ့်ဘာသာ အိုးမကွာအိမ်မကွာ မိုးလုံလေလုံ ပိုးပန်းလို့ရပါပြီ။ ကောင်မလေးတွေကလည်း အ၀တ်အစား ချွေးပေးခံပြီး နေပူစပ်ခါး လမ်းသလားမှ ရည်းစားရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ အိမ်သာတက်ရင်းလည်း အဖြေပေးလို့ရတဲ့ ခေတ်ပါ။ ဒီတော့ အင်တာနက်လောကမှာ
ကောင်မလေးတစ်ယောက်ကို ကြူတော့မယ့် အမျိုးသားတွေအတွက် သိထားသင့်တာလေးတွေကို Shwemom က မျှဝေပေးလိုက်ပါတယ်။
(၁) မိမိရဲ့ Profile ကို စိတ်ဝင်စားပါစေ
အင်တာနက်လောကမှာ လူတစ်ယောက်ကို စိတ်ဝင်စားမှု စတင်ဖို့ Profile ကို အရင်ကြည့်ကြပါတယ်။ ဂဂျိုးဂဂျောင်ဆိုရင်တော့ ဂဂျိုးဂဂျောင်ကို စိတ်ဝင်စားတဲ့ ကောင်မလေးမျိုးနဲ့ တွေ့မှာပါ။ ဒီတော့ ကိုယ့်ကို စိတ်ဝင်စားမယ့် ကောင်မလေးက အမှန်အကန်လေး ဖြစ်စေချင်ရင် Profile ကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် သတင်းအချက်အလတ် အပြည့်အစုံ ပေးထားလေ ကောင်းလေပါဘဲ။
(၂) ကိုယ့်နှလုံးသားကို ထင်ဟပ်မိစေတဲ့အရာ
ကိုယ့်ရဲ့ Timeline ဟာ ကိုယ့်အကျင့်စာရိတ္တကို မြင်စေနိုင်တဲ့ မှန်တစ်ချပ်ဆိုတာ လက်ခံရပါမယ်။ ဒီတော့ အနေအထိုင် သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊ ပညာတတ်တယ်၊ လစာလေးလည်း မဆိုးဘူး၊ အလုပ်နဲ့အကိုင်နဲ့၊ လူမှုရေးမှာ ဘယ်လို
ဝင်ဆန့်တယ် … စတာတွေကို အပိုမပါ အကြွားမပါဘဲ … သက်ဆိုင်သူကို သိစေရပါမယ် … ဒါဟာ သတ္တိရှိဖို့ လိုပါတယ်။ နောက် ချစ်သူဖြစ်သွားမှာ ကိုယ်ပြောထားတာတွေက အလိမ်အညာဆိုရင် သွားပြီ။
(၃) စကားလုံး အတိုကိုသာသုံးပါ
ကောင်မလေးနဲ့ စကားပြောတဲ့အခါ စကားလုံးကို ကျစ်ကျစ်လစ်လစ်နဲ့ ခပ်တိုတိုသုံးတာ ပိုကောင်းပါတယ်။ ဒါပေမယ့်
အင်း-ဟုတ်-ရပါတယ်-ဆိုတဲ့ စကားလောက်နဲ့လည်း ရောင့်ရဲမနေပါနဲ့။ စကားပြောရင်း တဖြည်းဖြည်း တိုးတက်လာရ
မှာ ဖြစ်ပါတယ်။ တစ်ခွန်းပြောပြီးတာနဲ့ ဘလော့ခံလိုက်ရတာမျိုးလည်း မဖြစ်ပါစေနဲ့။
(၄) ဂရုတစိုက်စာပြန်ပါ
ကောင်မလေးတွေက သူတို့ကို ဂရုစိုက်တာကို ပိုသဘောကျပါတယ်။ ဒါကြောင့်လည်း စာရေးဆရာတစ်ယောက်က
ကောင်မလေးဆိုတာ ကြောင်နဲ့ တူတယ်ကွ … ဂရုစိုက်တဲ့လူနားပဲ ကပ်တာ-တဲ့။ မှန်ပါတယ်။ သူတို့ကို ဂရုစိုက်ကြောင်း သူတို့က သိလေ … သင့်အနားကို ချဉ်းကပ်လေပါဘဲ။
(၅) အွန်လိုင်းသဘောတရားကို သိပါ
အွန်လိုင်းကို အသုံးပြုနေပြီး အွန်လိုင်းရဲ့ သဘောတရားကို သိဖို့ လိုပါတယ်။ ကိုယ်မဟန်ရင် ကိုယ့်ကို လွတ်လပ်စွာ ထားသွားခွင့် အချိန်မရွေး ခံရနိုင်တယ်ဆိုတာ သဘောပေါက်ရပါမယ်။ ဒီတော့ ဘယ်သူနဲ့ပဲ စကားပြောတာပဲဖြစ်ဖြစ် ညစ်ညမ်း စကားလုံးတွေ ရှောင်သင့်ပါတယ်။ တစ်ချို့က မစာမနာ Sex Chat ရအောင်ဆိုပြီး ခပ်တည်တည် တောင်းဆိုတာတွေ ရှိပါတယ်။ ဒီသဘောက ကိုယ့်လည်း ဘာအရှုံးရှိတာလိုက်လို့-ဆိုတဲ့ အောက်တန်းစား သဘောဖြစ်ပါတယ်။
(၆) ဗဟုသုတ ကြွယ်ဝပါစေ
နောက် ဗဟုသုတကြွယ်ဝခြင်းကလည်း ကောင်မလေးတွေ အမှတ်ပေးတဲ့ အရာဖြစ်ပါတယ်။ ဘာမေးမေး မသိဘူးဆိုတဲ့သူထက် စာရင် မေးလိုက်ရင် ချက်ကနဲ ဖြေနိုင်တဲ့သူက တစ်ပန်းသာပါတယ်။ ဒါ့ဖြင့် စွယ်စုံကျမ်းကြီး အလွတ်ကျက်ထားရမှာလား ဆိုပြီးမေးရင် ပြန်ဖြေစရာ တစ်ခွန်းတည်း ရှိပါတယ်။ ကျက်နိုင်ရင် ကျက်ထားတာ အကောင်းဆုံးပဲ … ဗဟုသုတဆိုတာ ပိုတယ်လို့ မရှိပါဘူး။
(၇) စကားလုံးတွေ ထိမိပါစေ/ဟာသဉာဏ် ထက်သန်ပါစေ
ကိုယ်သုံးတဲ့စကားလုံးက တစ်ခွန်းဆိုရင် တစ်ခွန်း သူ့ နှလုံးသားကို ထိအောင်ပစ်နိုင်လေ ခရီးရောက်လေပါဘဲ။ နောက် ဟာသဉာဏ်ရှိတဲ့သူတွေဆိုရင် အမျိုးသမီးတော်တော်များများက သဘောကျကြပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့
တစ်ချို့ ဒီဗွီဒီနှစ်ချပ်စာလောက် ဟာသတွေ ထိုင်ပြောတာတောင် ရယ်ရကောင်းမှန်း မသိတဲ့ ဟာသနဲ့ခပ်ဝေးဝေး အမျိုးသမီးတွေလည်း ရှိတတ်ပါတယ်။
Credit - ညီလင်းထက် (Shwemom)
ကောင်မလေးတွေကို အွန်လိုင်းမှာကြူမယ်ဆိုရင်သိထားသင့်တာလေးတွေ

No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။